Wednesday, September 22, 2010

အသျှင်ပညာစာရ အမှုကို ယခု အပတ်အတွင်း အပြီးသတ် ဆုံးဖြတ်ရန် အခြေအနေရှိ

စစ်တွေမြို့တွင်းတစ်နေရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတရား ဖမ်းဆီး လူဝတ်လဲ ခံရပြီး အမှုရင်ဆိုင်နေရသည့် ဆရာတော် ပညာစာရ၏ အမှု ကို ယခု အပတ် အတွင်း အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ကြောင်း စစ်တွေမြို့မှ တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဆရာတော်၏ အမှုကို အမြန်ဆုံး တရား ဆုံးဖြတ်နိုင်ရန် အတွက် ဆရာတော်ကို နေ့စဉ် ရက်ဆက် ရုံးထုတ် စစ်ဆေးနေကြောင်း အဆိုပါ မြို့ခံမှ ပြောသည်။

ယခုအခါ ဆရာတော်အား မဟုတ် မတရား စွပ်စွဲထားသည့် အမှု ၇ မှု အထဲမှ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုနှင့် တခြား စွဲချက်တခုကို တရားရုံးမှ လုံးဝ ပလပ် လိုက်ပြီး ကျန် ၅မှုကိုသာ စစ်ဆေး နေကြောင်း သူက ပြောသည်။

စစ်တွေမြို့ခံအများအပြားမှာ ဆရာတော်အား ဖမ်းဆီးစဉ်က ဆရာတော်နှင့် ပတ်သက်ပြီး ယောင်လည်လည် ဖြစ်နေခဲ့သော်လည်း ယခုအခါ ဆရာတော်ဘက်မှာ သိသိသာသာ ရပ်တည် လာကြပြီး အဖြစ်မှန်ကို နားလည် သဘောပေါက် လာကြောင်း သူကပြောသည်။
ပထမကတော့ မြို့လူထု အများစုက ဆရာတော်နဲ့ပတ်သတ်လို့ ယောင်ဝါးဝါး ဖြစ်နေကြတယ်။ အခုတော့ မာတေဇာက လူတွေ မမှန်မကန် လုပ်တယ်ဆိုတာ သိလာကြတဲ့ အတွက် အများကတော့ ဆရာတော်ဘက်က ရပ်တည်လာကြပါတယ် ”ဟု ပြောသည်။


သို့သော်လည်း ဆရာတော်မှာ ရခိုင် အမျိုးသားရေးကို ဆောင်ရွက်သော ပုဂ္ဂိုလ် တပါး ဖြစ်သဖြင့် ဗြိတိသျှ နယ်ချဲ့ အင်္ဂလိပ်တို့ ဆရာတော် ဦးဥတ္တမအား ထောင်ချသကဲ့သို့ နအဖ စစ်အစိုးရမှလည်း ဆရာတော် ပညာစာရကို အမူတခုခုဖြင့် အကွက်ဆင် အပြစ်ရှာပြီး ထောင်ချနိုင်ကြောင်း တတ်သိ နားလည်သူများက ပြောဆိုနေကြသည်ဟု သူက ပြောသည်။

ဆရာတော်ကို တနည်းနည်းဖြင့် ထောင်ကျအောင် ချမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွေ့မည် ဆိုသော သတင်းလည်း စစ် တွေမြို့တွင် ထွက်ပေါ်နေကြောင်း သိရသည်။
 
နိရဉ္စရာသတင်းတွင် ဖတ်ရှုရန် ...

No comments:

Post a Comment