Wednesday, September 29, 2010

အသျှင်ပညာစာရကို စီရင်ချက် ချမှတ်လိုက်ပြီ။

ယနေ့တွင် စစ်တွေ ခရိုင်တရားရုံးမှ အသျှင်ပညာစာရကို ထောင်ဒဏ် ၈ နှစ်နှင့် ၃ လချမှတ်လိုက်ကြောင်း နိရဉ္စရာ ကြားဖြတ်သတင်း တင်ဆက်မှုမှ သိရှိရသည်။
နိုင်ငံခြားငွေ ကိုင်ဆောင်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊  ညစ်ညမ်းမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လ၊ သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ပစ္စည်းအလွဲသုံးစားလုပ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်နှင့် စည်ပင်အက်ဥပဒေ အရ ဒဏ်ငွေကျပ် ၁၀၀၀၀ သီးခြားစီ ကျခံစေရန် ဒုတိယခရိုင်တရားသူကြီး ဒေါ်ဝါ၀ါထွန်းက အမိန့်ချမှတ်ခဲ့ သည်။
စစ်တွေမြို့တွင် ယခင်ကထက် လုံခြုံရေး တိုးမြင့်ချထားကြောင်း သတင်းရရှိသည်။

ဆရာတော်ပညာစာရနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ ထောင်ဒဏ်ချမှတ်ခံရ (RFA)

အသျှင်ပညာစာရကို နှစ်ရှည်ထောင်ဒဏ်ချမှတ် (ဧရာဝတီ)

ရခိုင်ဆရာတော် ဦးပညာစာရကို ထောင်ဒဏ်ချ (DVB)

ရခိုင်ဆရာတော်ကို ထောင်ချ (ဘီဘီစီ)

Ashin Pyinnyasara sentenced to 8 years and 3 months in prison (Narinjara)

ဆရာတော် ဦးပညာစာရကို ထောင်ဒဏ် ရှစ်နှစ်ကျော် ချမှတ် (မဇ္ဈိမ)

ထလော့ ရခိုင်……ရခိုင် ထလော့

ခိုင်လင်း (မေဃ၀တီ)

သမိုင်း သုတေသီ ရမ္မာဝတီ အရှင်ပညာစာရကိစ္စက မပြီးပြတ်သေး။ ပြည်တွင်း ပြည်ပ ရခိုင်တွေကတော့ အင်အားတွေစုပြီး တွန်းလှန် နေကြဆဲဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် ခုခံ ကာကွယ်နေကြဆဲ ဖြစ်တယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ စသည်ဖြင့်၊ တဖက်ကလည်း လက်မှတ်ထိုး တောင်းဆိုတဲ့အလုပ်ကို လုပ်နေကြဆဲ။ ဘာဘဲဖြစ်ဖြစ် ပုံစံမျိုးစုံ အသွင်မျိုးစုံနဲ့ အလွှာပေါင်းစုံက ရခိုင်တွေအနေနဲ့ ခုခံကာကွယ်ရေး အလုပ်တွေကို သမိုင်း တာဝန်တရပ်အနေနဲ့ လုပ်ကြလိမ့်မယ် ယုံကြည်ပါတယ်။ အမျိုးထိရင် မချိအောင် နာတတ်တဲ့ ရခိုင်တွေအတွက် စိန်ခေါ်မှု တရပ်လည်း ဖြစ်နေပြန်တယ်။

အချို့ကလည်း မတရားတဲ့ အမိန့်အာဏာ အောက်က မတရားဖမ်း အမှုစီရင်ခြင်းဟာ မမှန်မကန်တဲ့ အဖြေ (မတရားတဲ့ ဆုံးဖြတ်)ချက်တွေဘဲ ထွက်လာလိမ့်မယ်လို့ မျှော်လင့်နေကြ၊ စိုးရိမ်နေကြတယ်။ အထူးသဖြင့် ဆရာတော်ကို ထောင်ထဲမှာ ရခိုင်သမိုင်းပညာရှင် ပဏ္ဍိတ်ဦးဦးသာထွန်းလို သတ်ပစ်ကြမှာကို အရမ်းစိုးရိမ်ကြတယ်။ တဖက်မှာလည်း အနာဂတ် ကြယ်ပွင့်လေးတွေရဲ့ အနာဂတ်၊ ပြီးတော့ ရခိုင့်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေ ။ ကျနော်တဦးတယောက်ထဲ အထင်ပြောရရင် နအဖ စစ်အုပ်စုအနေနဲ့ အရမ်းလွယ်လွယ်ကူကူ ကိုင်တွယ်လို့ရမယ့်ကိစ္စလို့ မြင်ပုံရပါတယ်။ တကယ့်တကယ် လက်တွေ့မှာတော့ နအဖထင်သလို လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရမှာမဟုတ်ဘူး။ ယမ်းပုံ မီးကျမယ့်ကိန်း ဖြစ်နေတယ်။ ထိရဲ ထိကြည့်ပါလို့ နအဖကို ပြန်လည် စိန်ခေါ်ရမှာဖြစ်တယ်။ အမှန်ကတော့ အရမ်းထိလွယ် ရှလွယ်တဲ့ကိစ္စဆိုတာကို ဒီအချိန်မှာ နအဖလည်း နားလည် သဘောက်ပေါက်လောက်ပြီ ထင်ပါတယ်။ ရန်ကုန်မှာ ကျောင်းတက်နေတဲ့ ရခိုင်ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေဟာ ရခိုင်ပြည်ရှိ ကျောင်းတွေထိ ကူးစက်လာနိုင်ပါတယ်။ ရခိုင်ပြည်က ကျောင်းထိုင် ဆရာတော် (၁၅) ပါးရဲ့ မေတ္တာရပ်ခံချက်ကို ဥပေက္ခာပြုပြီး ဆရာတော်ဦးပညာစာရကို ထောင်ချခဲ့မယ်ဆိုရင် ရခိုင်တပြည်လုံးရှိ ရဟန်း သံဃာတော်တွေအထိ ကူးစက်သွာနိုင်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာလည်း ရခိုင်လူထုကို လှုပ်ခါနိုင်ပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့ နိုးကြား ထကြွမှုဟာ ရခိုင်တပြည်လုံးကို ဦးဆောင်နိုင်ပါတယ်။ လူမျိုးရေးကို နွယ်လာတဲ့အတွက်ကြောင့် ဗမာ့စစ်တပ်ထဲက ရခိုင်တွေ အရှင်နာဂိဓမော်ကွန်းကိုတော့ မမေ့လောက်သေးပါဘူး ။

လွတ်လပ်ရေးရပြီး နောက်ပိုင်း ရခိုင်ပညာရှင်တွေ တနည်းနည်းနဲ့ သတ်ပစ်ခံခဲ့ရဖူးတဲ့ သမိုင်းအတွေ့ အကြုံတွေ ရှိနေပြီးသားပါ ။ အထူးသဖြင့် ရခိုင့်သမိုင်းတွေကို ရခိုင်လူထုသိအောင် ကမ္ဘာကသိအောင် ဖော်ထုတ်တဲ့ ရခိုင်ပညာရှင်တွေ သုတေသီတွေ သတ်ပစ်ခံခဲ့ရတဲ့ သမိုင်းအတွေ့အကြုံက ရှိပြီးသားပါ။ ဒီတခါထိရင် ရခိုင်တွေ ဘာလုပ်မလဲ။ ရခိုင်သမိုင်းတွေကို ရခိုင်တွေပြန်လည် သိရှိလာအောင် ကြိုးပမ်းမှုတွေအားလုံးဟာ မဟာလူမျိုးကြီးဝါဒဘက်က ရပ်သူတွေအတွက်ကတော့ မဟာရန်သူဖြစ်မှာ သေချာပါတယ်။ ဒီဆရာတော်ကတော့ ပိုမိုထူးခြားတယ်။ လေလွင့်သွားမယ့် မိဘမဲ့ကလေးငယ်တွေကို ထိန်းချုပ်ထားနိုင်တယ်။ ပြီးတော့ အနာဂတ် ပျောက်မသွားအောင် အနာဂတ်ကို လမ်းညွန် ပေးနိုင်သူဖြစ်တယ်။ လူငယ်တွေရဲ့သဘာဝက အနာဂတ်ရဲ့ ကြယ်ပွင့်တွေဖြစ်တယ်။ သိပ္ပံမောင်ဝစကားနဲ့ ပြောရရင် အနာဂတ်မှာ သမ္မတလောင်း၊ ၀န်ကြီးချုပ်လောင်း၊ ပညာရှင်လောင်းတွေ မပါဘူးလို့ ဘယ်သူတတ်အပ်ပြောနိုင်မှာလဲ။ ထို့အတူ ရခိုင်စာပေဆန်းသစ်ရေးကို ကိုယ်တိုင် ကြိုးပမ်းနေပြီး ကစဥ့်ကလျားဖြစ်နေတဲ့ ရခိုင်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေကို စုစည်းထိမ်းသိမ်းနေတာ ဖြစ်တယ် ။ ဒီလို ထူးခြားချက်တွေက လည်ချောင်းထဲက ဆူးတချောင်းလိုဖြစ်နေမှာ သေချာပါတယ်။ ရခိုင်တွေအတွက်တော့ “ဆူး” တချောင်း မဟုတ်ပါဘူး ။ “ဆောက်” တချောင်းသာဖြစ်တယ်။ အနာဂတ်ကို ထုဆစ်နေတဲ့ ဆောက်တချောင်း ။

အနာဂတ်ကြယ်ပွင့်တွေဖြစ်တဲ့ ဒီကလေးငယ်တွေက နင်းချေပစ်ဖို့ ရခိုင်ပြည်နဲ့အဝေးဆုံးကို ဆွဲထုတ်သွားပြီ ။

ဒေသခံလူထုက ဒီကလေးငယ်တွေကို တာဝန်ယူဖို့ ပြောနေတဲ့ကြားက ဗမာပြည်ကို အဓမ္မ ပို့ပစ် လိုက်ခြင်းဟာ ရခိုင်တွေ လက်ပိုက် ကြည့်နေလို့ မရဘူးဆိုတာကို ပြသ လိုက်တာဖြစ်တယ် ။

ရခိုင်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေကော ဘယ်မှာလဲ။ ဆရာတော်ကိုလည်း လုပ်ကြံဖန်တီးပြီး ဖမ်းထားတယ်ဆိုတာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါတယ် ။ ပြန်မလွတ်ဘဲ အဓမ္မထောင်ချပစ်ရင် ဘာလုပ်မလဲ ။ ဒါတွေကတော့ ရခိုင်ပြည်သူ ပြည်သားအတွက် တကယ့်စိန်ခေါ်မှုတရပ်ဖြစ်ပါတယ် ။ ဒီနေရာမှာတော့ ဆရာတော်လွတ်မြောက်ရေး ၊ ဗမာပြည်ကို အဓမ္မခေါ်ယူသွားတဲ့ ကလေးငယ်တွေ မူလနေရာကို ပြန်လည်ရောက်ရှိရေး ၊ အဓမ္မသိမ်းယူထားတဲ့ ရခိုင့်သမိုင်းအမွေအနှစ်တွေ မူလနေရာကို မပျောက်မရှိ ပြန်လည်ရောက်ရှိရေးနဲ့ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း ပြန်လည်ရှင်သန်လှုပ်ရှားရေးအတွက် ခုခံကာကွယ်ရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့လိုအပ်တယ် ။ ဒါတွေဟာ ရခိုင်လူထုအတွက် သမိုင်းကတင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တခုဖြစ်တယ် ။ ။

စာကြွင်း ။ ။ အရှင်နာဂိဓမော်ကွန်းကို စိန်ခေါ်လိုက်တာဖြစ်တယ် ဆောင်းပါး Arakan Review မှာ ရေးပြီး နောက်ပိုင်း ပြည်တွင်းနဲ့ရော ပြည်တွင်းနဲ့ဆက်စပ်နေသူတွေရော တပ်ထဲက ရခိုင်အချို့နဲ့ရော စကားတွေပြောဖြစ်ပါတယ်။ တပ်ထဲက ရခိုင်တွေ လက်ပိုက်ကြည့်မနေဖို့ ကျနော်ရေးတော့ ပြည်ပက လက်နက်ကိုင်အဖွဲ့စည်းတချို့ ထုတ်ပြန် ကြေငြာချက်လေး တစောင်တောင်မထုတ်ပြန်တာကို ထောက်ပြကြတယ်။ တဖက်ကလည်း ပြည်တွင်းထဲက ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၀ိဇ္ဇာပညာရပ်များ အထူးပြု ရခိုင်ကျောင်းသား ကျောင်းသူများ (တက္ကသိုလ်များ – ရန်ကုန်) နဲ့ ရခိုင်ပြည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်က ကျောင်းထိုင်ဆရာတော်ကြီး (၁၅) ပါး လက်မှတ်ထိုး တောင်းဆိုခြင်းတွေနဲ့ နှိုင်းယှဉ်ပြကြတယ်။ ကျနော်ကတော့ ကျနော့် ဗီဇအတိုင်း နားဘဲထောင်နေခဲ့ပါတယ်။ ဆိုတော့ ပြည်ပမှာရှိတဲ့ ရခိုင် အသိုင်းအ၀ိုင်း (နယ်သာလန်) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဗဟိုနဲ့ ဂျပန်ဌာနခွဲ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး၊ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီတို့ကို ကျနော့် ဆောင်းပါးမှာ တခုတ်တရ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ထို့အတူ အနာဂတ် ရခိုင်သမိုင်းမှာလည်း သမိုင်းအဖြစ်ကျန်ခဲ့မှာ သေချာပါတယ်။ ဆရာတော် လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုချက်ကိုလည်း ကျနော် လှမ်းကြည့် ဖြစ်ပါတယ်။ ဘယ်သူတွေ ထိုးထားသလဲပေါ့၊ ဒေါက်တာအေးကျော်၊ ဒေါက်တာအေးချမ်းစတဲ့ ကျနော်သိတဲ့ ပုဂ္ဂိုလ်တွေပါသလို ကျနော်သိတဲ့ အရမ်းကို မျိုးချစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ နာမည်လုံးဝ (လုံးဝ) ပါမလာတာတွေကိုလည်း တွေ့ရပါတယ်။ နိုင်ငံခြားသားတွေ နာမည်ကိုတောင် တွေ့ရပါလျက်နဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ နာမည် မတွေ့ရတော့ စိတ်ထဲမှာ ကသိ ကအောက် ဖြစ်ပေမယ့် ဒါဟာ သမိုင်းဆိုတာကို နားလည်လိုက်တယ် ။ ။

ခိုင်လင်း (မေဃ၀တီ)

၁၅ ၊ ၉ ၊ ၂၀၁၀ ၁၀း ၁၀

Arakan Review တွင်ဖတ်ရှုရန် ...

Tuesday, September 28, 2010

အသျှင်ပညာစာရ အမှု မနက်ဖြန် စီရင်ချက် ချမည်

ပုဒ်မ ၇ ခုဖြင့် ဒေသခံရဲက အမှုစွဲတင်ထားသော စစ်တွေမြို့ရှိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို မနက်ဖြန်တွင် တရားရုံးက စီရင်ချက်ချရန် ရုံးချိန်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုအမှုကို စောင့်ကြည့် နေသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ အတွင်းရေးမှူး ကိုခိုင်ပြည်စိုးက “မနေ့က အထိ တောက်လျှောက် ရုံးထုတ် စစ်ဆေး လာပြီး မနက်ဖြန်မှာ စီရင်ချက် ချတော့မယ်လို့ ရုံးချိန်းပေး လိုက်ပါတယ်။ ကျနော်တို့ မြို့ခံတွေ ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ အစိုးရ တရားရုံးက ကိုင်တွယ်ခွင့် မရှိဘဲ သံဃာ့ အရေးကို သံဃာ့ အဖွဲ့အစည်း တွေကပဲ ဆောင်ရွက်ခွင့် ရှိတယ်လို့ မြင်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး စစ်တွေအမှတ် ၁ ရဲစခန်းတွင် လူဝတ်လဲပေးကာ ချုပ်နှောင်ခဲ့သည်။
ထို့နောက် စစ်တွေအမှတ် ၁ ရဲစခန်းမှူး ရဲအုပ်မြို့ဆွေက တရားလိုပြုလုပ်၍ ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထားသည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ) စသည့် ပုဒ်မ တို့ဖြင့် စွဲချက်တင်ကာ စစ်တွေ တရားရုံးသို့ တင်ခဲ့ခြင်းဖြစ်သည်။

“မနေ့က တရားရုံးမှာ ရှေ့နေဒေါ်အေးနုစိန်က တရားခံကို အနားမပေးဘဲ နေ့စဉ်ရက်ဆက် ရုံးတင်စစ်ဆေးနေတာဟာ ဥပဒေနဲ့ လျော်ညီပါရဲ့လား၊ ဒီလို စစ်ဆေးနေတာဟာ ရခိုင်တပြည်နယ်လုံးမှာ ဒီအမှုတခုပဲ ရှိနေလို့လား၊ တရားပြိုင်ရှေ့နေ တဦးအနေနဲ့ အသေးစိတ် စုံစမ်းမေးမြန်းပိုင်ခွင့်မရှိဘူးလား၊ တရားပြိုင်ပြ သက်သေတွေကို လိုအပ်တာထက် ပိုမိုစစ်ဆေးတာဟာ ဥပဒေနဲ့ ညီရဲ့လား စတဲ့ အချက် ၄ ချက်ကို တရားရုံးကို မေးမြန်းခဲ့ပြီး ရုံးပြောင်း စစ်ဆေးပေးဖို့ တောင်းဆိုတာကို တရားသူကြီးမက ဒါဟာ ရုံးတော်ကို မထီမဲ့မြင်ပြုတာဆိုပြီး အချေအတင်ဖြစ်ခဲ့ရပါသေးတယ်” ဟု အရှင်ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။
တရားပြိုင်ရှေ့နေ ဒေါ်အေးနုစိန် ခရီးထွက်ခိုက် လွှဲအပ်ခဲ့သော အမျိုးသမီးရှေ့နေ ၂ ဦးကိုလည်း စစ်တွေတရားရုံးက စက်တင်ဘာ ၂၂ ရက်တွင် ရှေ့နေပါဝါများ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“ဆရာတော်ကို မာတုဂါမနဲ့ ဖောက်ပြားတယ်ဆိုပြီး စွပ်စွဲတယ်။ အခု သူတို့ စွပ်စွဲတဲ့ မာတုဂါမကိုယ်တိုင်က သူနဲ့ မကျူးလွန် ပါဘူးဆိုပြီး တရားရုံးမှာ ထွက်ဆိုထားတယ်။ တကယ်ဆို ဒီအမှုတွေဟာ သံဃာ့အဖွဲ့အစည်းကသာ ၀ိနည်းနဲ့ အညီ စစ်မေးပြီး လိုအပ်သလို ရွက်ဆောင်ခွင့်ရှိတာ။ အခုဟာကတော့ အစိုးရက သက်သက်မဲ့ ဆရာတော်ကို ထောင်ချဖို့ ကြံစည်နေတာပါ။ ဒါကြောင့် ဦးပဉ္ဇင်းတို့ စာသင်သားတွေက ဒီအမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဆရာတော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမှာပါ” ဟု စစ်တွေမြို့မှ သံဃာတော်တပါးက မိန့်သည်။
ရခိုင်ပြည်နယ်မှ ကျောင်းထိုင်ဆရာတော် ၁၄ ပါးကလည်း အရှင်ပညာစာရအမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေစုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ခြင်းကြောင့် နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ရာ အာဏာပိုင်များက သဘောမတွေ့သဖြင့် အမှုရှာဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံတဦးက ပြောသည်။

ယမန်နေ့ကလည်း မွန်သံဃာတပါးကို အင်းစိန်ထောင်အထူးတရားရုံး၌ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။

ဧရာဝတီတွင် ဖတ်ရှုရန် ...

Monday, September 27, 2010

စစ်တွေမြို့တွင် မတရား ဖမ်းဆီး လူဝတ်လဲခံရပြီး တရား ရင်ဆိုင်နေရသည့် ဆရာတော် အရှင် ပညာစာရ လွတ်မြောက်ရေး အတွက် ရခိုင်ပြည်နယ် တခုလုံး အတိုင်းအတာဖြင့် သံဃာတော်များ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။

ဦးဆောင်ရာတွင် ပါဝင်သည့် ရဟန်းတော် တပါးက “ အခု အစီအစဉ်ကို စာသင်သား ရဟန်းတော် တွေက ဦးဆောင်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဆရာတော် ပညာစာရမှာ အပြစ်မရှိတဲ့ အတွက် တရား ဥပဒေအတိုင်း ဖြစ်စေလိုတဲ့ အတွက် ခုလို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို ယခုအခါ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်၊ ပုဏ္ဍားကျွန်းနှင့် မင်းပြား မြို့နယ်များတွင် စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သူကပြောသည်။
“ဦးဇင်းတို့အခု လက်မှတ်တွေ ကောက်ခံနေတယ်။ နယ်ခံ ကိုယ်တော်တွေက မြို့နယ် အလိုက် ကောက်ခံနေတာ ဖြစ်တယ်။ တချို့ဆရာတော်ကြီးတွေလည်း ပါဝင်လာပါတယ်။ အခုတော့ ၂၀၀ လောက်ပဲ ရသေးတယ်။ ဘယ်လောက်ထိ ရမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး။ မကြာမှီ တင်ဖြစ်ဖို့ ဦးဇင်းထင်တယ်။”

ယခုကဲ့သို့ သံဃာတော်များ တစ်ပြည်နယ်လုံးအတိုင်းတာဖြင့် တောင်ဆိုရန် စီစဉ်လာရခြင်းမှာ စစ်တွေမြို့မှ တကာတကာမများ၏ တိုက်တွန်းမှုကြောင်း ဖြစ်သည်ဟု အဆိုပါ ရဟန်း တော်မှ ဆက်ပြောသည်။
“ဒီလိုဖြစ်လာဖို့ အဓိကအားပေးတာက ဒီကတကာတကာမတွေ အားပေးမှုကြောင့်ပါပဲ။ ဦးဇင်း တို့ ဆွမ်းခံကြွရင် တကာ တကာမတွေက ပြောတယ်။ ဦးဇင်းတို့ တောင်းဆိုလို့ ရွှေဝါရောင် တော် လှန်ရေးတုန်းကလည်း ရေလှူလို့ အဖမ်းခံရတဲ့ ကလေးနှစ်ဦး လွတ်လာတယ်။ ဒီကိစ္စမှာ လည်း ဦးဇင်းတို့ စုပေါင်း တောင်းဆိုရင် လွတ်နိုင်တယ်။ ဦးဇင်းတို့လုပ်သင့်တယ်ပေါ့။ ဒီလိုတကာတွေ တိုက်တွန်းလာတော့ ဦးဇင်းတို့လည်း အမှန်တရားအတွက် လုပ်သင့်တယ် ထင်ပီး ခုလို စီစဉ် လုပ်ကိုင်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။”

ဆရာတော် ပညာစာရမှာ အမျိုးဘာသာ သာသနာ အကျိုးကို ဆောင်ရွက်နေသော ရဟန်းတော် တပါးဖြစ်သည့် အပြင် မိဘမဲ့ လူမမယ် ကလေးများ အကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ဖြစ်၍ သက်ညှာသောအားဖြင့် လွတ်ပေးရန် အနောက်ပိုင်တိုင်းမှူးကို မေတ္တာရပ်ခံသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

စက်တင်္ဘာလ ၇ ရက်နေ့ကလည်း ဆရာတော်ပညာစာရအား တရားမျှတစွာ စစ်ဆေးရန် စစ်တွေ ပုဏ္ဍားကျွန်း မင်းပြားမြို့နယ်များမှ ဆရာတော် ၁၅ ပါးက အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းထံ စာရေး မေတ္တာ ရပ်ခံခဲ့သော်လည်း တစုံတရာ ပြန်ကြားမှု မရှိကြောင်း သိရသည်။
ယခုအကြိမ်တွင်လည်း အာဏာပိုင်များဘက်မှ တစုံတရာတုန့်ပြန်မှု မရှိပါက သံဃာတော်များ အနေဖြင့် ဆရာတော် လွတ်မြောက်ရေး ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သူပြောသည်။

နိရဉ္စရာ သတင်းတွင် ဖတ်ရန် ...

Friday, September 24, 2010

လူမှုဝန်ထမ်းမှ ခေါ်ဆောင်သွားသည့် အသျှင်ပညာစာရ ကျောင်းတိုက်မှ ကလေးများအတွက် စိုးရိမ်နေရ

အသျှင်ပညာစာရ၏ ရှေ့နေ နှစ်ဦးကို တရားရုံးက ပါဝါ ရုပ်သိမ်း

ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ဆရာတော် အရှင်ပညာစာရရဲ့ ရှေ့နေ နှစ်ဦးကို တရားရုံးက စက်တင်ဘာ ၂၂ ရက် မနေ့က ရှေ့နေပါဝါ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဆရာတော်ဦးပညာစာရရဲ့ အမှုကို စစ်တွေတရားရုံးမှာ စစ်ဆေးနေရာ အစိုးရဖက်က တရားလိုပြ သက်သေတွေကို ခေါ်ယူစစ်ဆေးနေမှုနဲ့ ပတ်သက်ပြီး အဲဒီရှေ့နေ နှစ်ဦးက ကန့်ကွက်ခဲ့တဲ့အတွက် တရားသူကြီးက သူတို့ရဲ့ ကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းလိုက်တာ ဖြစ်ကြောင်း ဆရာတော်ရဲ့အမှုကို အနီးကပ် လေ့လာနေတဲ့ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“တရားရုံးမှာ အခု ဆရာတော်ဘုရားရဲ့ တရားခံပြ သက်သေတွေကို စစ်ဆေးနေပြီ။ ဟိုတနေ့ တရက်နှစ်ရက်လောက်က ရှေ့နေမ မရှိဘူး။ မရှိဘူးဆိုတော့ သူ့မှာ ရှေ့နေမလေး နှစ်ယောက်ရှိတယ်။ အဲဒီ သူတို့ နှစ်ယောက် မရောက်တဲ့အခါမှာ တရားရုံးက တရားလိုပြ သက်သေတွေကို တနေ့ကို ၇ ယောက်၊ ၈ ယောက် အဲဒီလို ခေါ်ပြီး စစ်ဆေးတယ်။ စစ်ဆေးတော့ ဒီကိစ္စဟာ တရားဥပဒေ နည်းလမ်းမကျဘူး၊ အချိန်ကလည်း မရှိတော့ဘူးဆိုတော့ တရားသူကြီးမက မီးထွက်ပြီးတော့လည်း စစ်လို့ရတယ်တဲ့။ အဲဒီတော့ ငါ့ကို စောဒက မတက်နဲ့ ဆိုပြီးတော့ ရှေ့နေမလေး နှစ်ယောက်ကို ပါဝါကို ရုပ်သိမ်းလိုက်တယ်။”

ဆရာတော်ကို အရင်က တနင်္လာ၊ ဗုဒ္ဒဟူး ၊ သောကြာနေ့ တွေမှာ တပတ်ကို ၃ ကြိမ် ရုံးထုတ် စစ်ဆေးနေရာက အခုနေ့စဉ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆရာတော်ဦးပညာစာရကို စစ်အစိုးရက ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သာသနာတော် ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်းအသုံးပြုမှု၊ လိမ်လည်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

အခုလို ဆရာတော်ကို အမှုဆင် ဖမ်းဆီးတဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ရခိုင်လူထုက ဆရာတော်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း စစ်တွေ၊ မင်းပြား၊ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်အသီးသီးက ဆရာတော် သံဃာတော် ၁၅ ပါးခန့် က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဆီကို စာရေးသား မေတ္တာရပ်ခံထားပါတယ်။ အခုလည်း ရခိုင်ပြည်တွင်းက သံဃာငယ်တွေ စုစည်းပြီး လက်မှတ်ရေးထိုး တောင်းဆိုဖို့ လှုပ်ရှား ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

RFA တွင်ဖတ်ရှုရန် ...

Thursday, September 23, 2010

အသျှင်ပညာစာရအတွက် ရဟန်းတော်များ ပြုလုပ်သော အစည်းအဝေး ရဲက ၀င်ရောက် တားဆီး


စစ်တွေမြို့ရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတွင် ရဟန်းတော်များ ပြုလုပ်ရန် စီစဉ် ထားသော အစည်းအဝေးကို ရဲအဖွဲ့က၀င်ရောက် တားဆီးသဖြင့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ရဟန်းတော် တစ်ပါးက “ အစည်းအဝေးကို စက်တင်္ဘာလ ၂၁ ရက်နေ့ နေ့လည် တစ်နာရီ မှာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းထဲမှာ ပြုလုပ်မယ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ရဟန်းတော်တွေ ရောက်လာပီး အစည်း အဝေး မစခင် အချိန်ပိုင်း အတွင်းမှာဘဲ မင်းဂံရဲစခန်းက စခန်းမှူးနဲ့ အဖွဲ့ ရောက်လာပြီး အစည်းအဝေး မလုပ်ရဘူးဆိုပီး လာတားတဲ့ အတွက် အစည်းအဝေး ကို ဖျက်သိမ်းလိုက်ရပါတယ်” ဟု ပြောသည်။

အစည်းအဝေးကို ဝေသာလီ ဓမ္မပါလ ကျောင်းဆရာတော်မှ ဦးဆောင်၍ နီးစပ်ရာ ရဟန်းတော်များကို ဖိတ်ကြားကာ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။
“ ဆရာတော်က နီးစပ်ရာ ရဟန်းတော်တွေကို ခေါ်ယူပြီး အရှင်ပညာ စာရ အတွက် နှီးနှော တိုင်ပင်လိုတယ်ဆိုပီး ခေါ်ယူတာ ဖြစ်ပါတယ်။ အရှင်ပညာစာရ အတွက် ဘယ်လို လုပ်ဆောင် မလဲ ဆိုတာကို ဆွေးနွေးရေး အတွက် ဖြစ်ပါတယ်။ ရဟန်းတော် ဆယ်ပါးခန့် ရောက်ရှိလာတဲ့ အချိန်မှာ ရဲသားတွေက သတင်းရသွားပီး လူစု လူဝေး မလုပ်ရဘူး။ အစည်း အဝေး လုပ်ရင် အာဏာဖီဆန်မူနဲ့ ဖမ်းမယ်ဆိုတော့ ပြဿနာ မတက်ချင်တာနဲ့ ဦးဇင်းတို့ အစည်းအဝေး လုပ်မှာကို လက်လျော့ လိုက်ပါတယ်” ဟု အဆိုပါ ရဟန်းတော်က ပြောသည်။



ယခုအခါ ဆရာတော် အရှင်ပညာစာရ သတင်းသုံးခဲ့ရာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းအား ချိတ်ပိတ်ထားရာမှ ကျောင်းတံခါးကို ဖွင့်လှစ်ထားပြီး ရဲအဖွဲ့ဝင်များက အနီးအနားမှ စောင့်ကြည့် နေကြောင်း သိရသည်။

“ သူတို့ ဘာကြောင့် ကျောင်းကို ချိတ်ပိတ်ထားရာကနေ ပြန်လည် ဖွင့်လှစ် လိုက်တယ် ဆိုတာကို မသိရဘူး။ တစ်ခုခုတော့ နောက်ကွယ်က အကြောင်းအရာတွေ ရှိမယ်။ ဆရာတော်ကို စွပ်စွဲထားတဲ့ အမူတွေလည်း တစ်ခုပီး တစ်ခု မဟုတ်မမှန်း သိလာတော့ အာဏာပိုင်တွေရဲ့ မတရားလုပ်ရပ်ကလည်း ပေါ်လာပြီလေ။ သူတို့ ဘာဆက် လုပ်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ရဟန်းတော်က မိန့်ကြားသည်။

နိရဉ္စရာသတင်းတွင် ဖတ်ရှုရန် ...

Meeting for Arrested Monk- Ashin Pyinnyasara foiled by the Police (Narinjara) ...

Wednesday, September 22, 2010

အသျှင်ပညာစာရ အမှုကို ယခု အပတ်အတွင်း အပြီးသတ် ဆုံးဖြတ်ရန် အခြေအနေရှိ

စစ်တွေမြို့တွင်းတစ်နေရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတရား ဖမ်းဆီး လူဝတ်လဲ ခံရပြီး အမှုရင်ဆိုင်နေရသည့် ဆရာတော် ပညာစာရ၏ အမှု ကို ယခု အပတ် အတွင်း အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ကြောင်း စစ်တွေမြို့မှ တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဆရာတော်၏ အမှုကို အမြန်ဆုံး တရား ဆုံးဖြတ်နိုင်ရန် အတွက် ဆရာတော်ကို နေ့စဉ် ရက်ဆက် ရုံးထုတ် စစ်ဆေးနေကြောင်း အဆိုပါ မြို့ခံမှ ပြောသည်။

ယခုအခါ ဆရာတော်အား မဟုတ် မတရား စွပ်စွဲထားသည့် အမှု ၇ မှု အထဲမှ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုနှင့် တခြား စွဲချက်တခုကို တရားရုံးမှ လုံးဝ ပလပ် လိုက်ပြီး ကျန် ၅မှုကိုသာ စစ်ဆေး နေကြောင်း သူက ပြောသည်။

စစ်တွေမြို့ခံအများအပြားမှာ ဆရာတော်အား ဖမ်းဆီးစဉ်က ဆရာတော်နှင့် ပတ်သက်ပြီး ယောင်လည်လည် ဖြစ်နေခဲ့သော်လည်း ယခုအခါ ဆရာတော်ဘက်မှာ သိသိသာသာ ရပ်တည် လာကြပြီး အဖြစ်မှန်ကို နားလည် သဘောပေါက် လာကြောင်း သူကပြောသည်။
ပထမကတော့ မြို့လူထု အများစုက ဆရာတော်နဲ့ပတ်သတ်လို့ ယောင်ဝါးဝါး ဖြစ်နေကြတယ်။ အခုတော့ မာတေဇာက လူတွေ မမှန်မကန် လုပ်တယ်ဆိုတာ သိလာကြတဲ့ အတွက် အများကတော့ ဆရာတော်ဘက်က ရပ်တည်လာကြပါတယ် ”ဟု ပြောသည်။


သို့သော်လည်း ဆရာတော်မှာ ရခိုင် အမျိုးသားရေးကို ဆောင်ရွက်သော ပုဂ္ဂိုလ် တပါး ဖြစ်သဖြင့် ဗြိတိသျှ နယ်ချဲ့ အင်္ဂလိပ်တို့ ဆရာတော် ဦးဥတ္တမအား ထောင်ချသကဲ့သို့ နအဖ စစ်အစိုးရမှလည်း ဆရာတော် ပညာစာရကို အမူတခုခုဖြင့် အကွက်ဆင် အပြစ်ရှာပြီး ထောင်ချနိုင်ကြောင်း တတ်သိ နားလည်သူများက ပြောဆိုနေကြသည်ဟု သူက ပြောသည်။

ဆရာတော်ကို တနည်းနည်းဖြင့် ထောင်ကျအောင် ချမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွေ့မည် ဆိုသော သတင်းလည်း စစ် တွေမြို့တွင် ထွက်ပေါ်နေကြောင်း သိရသည်။
 
နိရဉ္စရာသတင်းတွင် ဖတ်ရှုရန် ...

Friday, September 17, 2010

နအဖ စစ်အုပ်စု၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး

ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော စစ်အစိုးရ၏ လုပ်ဆောင်ချက်များသည် ရှိထားပြီးသော ရခိုင်-ဗမာ ချစ်ခင်ရင်းနှီးမူကို ပျက်စီးအောင် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများအပေါ် ပို၍ အငြိုးထား လုပ်ဆောင် လာသည်များကို သာတွေ့ရသည်။ အတိတ်ကာလဖြစ်သော ၁၁၄၆ ခုနှစ်က ဘိုးတော်မောင်ဝိုင်း လည်း ရခိုင်ပြည်ကို စစ်မကြေညာဘဲ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည် မြောက်ဦး ရွှေနန်းတော်ကို အစအန မမြင်ရအောင် မီးရှို့ဖျက်ဆီးလိုက်သည်။



ရခိုင်ပြည်သူ၊ပြည်သား နှစ်သန်းကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြီး ရဟန်းရှင်လူ ပညာရှိ မြောက်များစွာနှင့် ရွှေငွေရတနာ၊ ပစ္စည်းဥစ္စာများ အပါအ၀င် အဖိုးထိုက်တန်သော စာပေ၊ကျမ်းဂန် များစွာတို့ကိုလည်း တစ်ပါတည်း သိမ်းယူသွားခဲ့သည်။ ၄င်းလူမဆန်သော အဖြစ်အပျက်နှင့် အတူ အတိတ်ကို အတိတ်မှာ မထားခဲ့ဘဲ လက်ရှိအချိန် ကာလတိုင်အောင် အုပ်ချုပ်သူ ဗမာ စစ်ခေါင်းဆောင်များသည် လူမဆန်သော လုပ်ရပ်များကို ဆက်လက်ပြီး ရခိုင်ပြည်တွင် လုပ်ဆောင် နေဆဲဖြစ်သည်။ ပြီးခဲ့သော ဇူလိုင်လ ၂၇ရက်နေ့က စစ်တွေမြို့တွင် မိဘမဲ့ ကလေးငယ်များကို စောင့်ရှောက်၍ ပညာ သင်ပေးနေသော ဆရာတော် ဦးပညာစာရ ကို မိန်းမနှင့် ပတ်သက်၍ စွပ်စွဲပြီး ဟုတ်မဟုတ်ကို သေချာစွာ မစီစစ်ဘဲ ကျောင်းတိုက်မှ ဖမ်းဆီးခေါ်ဆောင်ကာ အတင်းအဓမ္မ လူဝတ်လဲစေခဲ့သည်။ မတရားသဖြင့် ဖမ်းဆီး၍ အတင်းအဓမ္မ လူဝတ် လဲစေခြင်းသည် န.အ.ဖ စစ်အစိုးရမှ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြု၍ ဗြောင်ကျကျ စော်ကားလိုက်ခြင်း ဖြစ်ပြီး ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းကြသော ရခိုင်ပြည်နှင့် ရခိုင်သူ၊ရခိုင်သားများကို လုံးဝ စော်ကား လိုက်ခြင်းသာ ဖြစ်ပေသည်။ ဆရာတော်ကို ဖမ်းဆီးလိုက်ပြီးနောက် န.အ.ဖ စစ်အစိုးရသည် ကျောင်းတိုက်ရှိ ဆရာတော်၏ နှစ်ပေါင်းများစွာ အချိန်ယူ၍ စုဆောင်းထားရှိသော ရခိုင်ပြည်သုံး ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါများ ဓည၀တီခေတ်မှ မြောက်ဦးခေတ်ထိ ရခိုင်ဗုဒ္ဓရုပ်ပွားတော်နှင့် ပုံတော်များ၊ ဆေးကျမ်း၊စာစောင်များကို သိမ်းယူသွားခဲ့သည်။ ၄င်းနောက် ဆရာတော်၏ ကျောင်းတိုက်ကို သော့ပိတ်လိုက်ပြီး ကျောင်းတွင် ရှိနေကြသော မိဘမဲ့ကလေးငယ်များအားလုံးကို ခေါ်ဆောင်သွားပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် မကွေးမြို့များသို့ ပို့ဆောင် လိုက်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို အကြောင်းမဲ့စွာ ဖမ်းဆီးပြီးအကျဉ်းချခြင်း၊ ကျောင်းတိုက်ရှိ ဘာသာရေး အမွေအနှစ်များနှင့် ရခိုင်ရိုးရာရှေးဟောင်းအမွေအနှစ်များကို မတရားသိမ်းပိုက်ယူခြင်း၊ ကျောင်းတိုက်တွင် လုံခြုံစွာနေထိုင်၍ စာပေသင်ကြားနေသော မိဘမဲ့ကလေးငယ်များကို တစ်ကွဲတစ်ပြားစီ ဖြစ်အောင် လုပ်ဆောင်ခြင်းတို့သည် ရခိုင်လူမျိုးများနှင့် ဗမာလူမျိုးများအကြား အထင်အမြင် လွဲအောင် လုပ်ဆောင်လာခြင်းပင်ဖြစ်ပြီး ရခိုင်-ဗမာ မုန်းတီးရေးကို ဖန်တီးလုပ်ဆောင် လိုက်ခြင်းပင်ဖြစ်သည်။ယခုလက်ရှိ န.အ.ဖ စစ်အစိုးရသည် အရှက် သိက္ခာကင်းမဲ့စွာဖြင့် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး-ဒို့အရေး” ဟုကြွေးကြော်နေပြီး အမှန်တကယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို နည်းမျိုးစုံဖြင့် ဖျက်ဆီးနေပြီး ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသားများကြား သွေးကွဲ မုန်းတီးမူ ဖြစ်ပေါ်လာစေရေးကို ဦးတည် လုပ်ဆောင် နေခြင်းသာဖြစ်သည်။

အပြည့်အစုံကို နိရဉ္စရာ တွင် ဖတ်ရှုရန် ...

Monday, September 13, 2010

ဖမ်းထားတဲ့ ဆရာတော် အသျှင်ပညာစာရကို ဥပဒေမဲ့ စီရင်ခဲ့ရင် စစ်တွေသံဃာထု သည်းခံမည်မဟုတ်

ရခိုင်သမိုင်းသုတေသီ ဆရာတော်ကို အဓမ္မ အမှုဆင် ဖမ်းဆီးထားတဲ့အတွက် ပြည်တွင်းပြည်ပ ရခိုင်လူထုအကြား မကျေမနပ် ဖြစ်နေကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့  တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဦးပညာစာရဟာ မတော်မတရား စွပ်စွဲခံထားရတဲ့အတွက် တိုင်းတပါး ဘာသာခြားတွေ အထင်မသေးရအောင် ဥပဒေဘောင်အတွင်းက ဆောင်ရွက်ဖို့ စစ်တွေ၊ မင်းပြား၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်အသီးသီးက ဆရာတော် သံဃာတော် (၁၅) ပါးလောက်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီကို ပြီးခဲ့တဲ့ရက်ပိုင်းက စာရေးသား မေတ္တာရပ်ခံထားပါတယ်။ ဆရာတော်ကို ဥပဒေမဲ့ ထောင်ချခဲ့ရင် သံဃာအများစုက သည်းခံမှာမဟုတ်ဘူးလို့  စစ်တွေ သံဃာတော်တချို့က မိန့်ကြားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို ဆက်လက် ရုံးထုတ်စစ်ဆေးနေရာမှာ အစိုးရသက်သေတွေ ဘက်က အထောက်အထား အခိုင်အလုံ မတင်ပြနိုင်တဲ့အတွက် ဆရာတော် လွတ်မြောက်ဖို့ အလားအလာ ကောင်းမွန်တယ်လို့ တရားခွင်နဲ့ နီးစပ်သူ မြို့ခံတွေက ပြောပါတယ်။
 
အပြည့်အစုံကို RFA တွင် ဖတ်ရှုရန် ....

အသျှင်ပညာစာရ ယခင် သတင်းများ ဖတ်ရှုရန်....

Friday, September 10, 2010

အသျှင်ပညာစာရကိစ္စ ရခိုင်ဆရာတော်ကြီးများ တိုင်းမှူးထံတောင်းဆို

၂၀၁၀ ဇူလိုင်လ ၂၇ ရက်နေ့က မတရားဖမ်းဆီးခံခဲ့ရသော ဆရာတော် ရမ္မာဝတီ အသျှင် ပညာစာရနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျောင်းတိုက် အသီးသီးတွင် ကျောင်းထိုင်ဆရာတော်များ အဖြစ် သတင်း သုံးနေကြသော ဆရာတော်ကြီးများက လက်မှတ်ရေးထိုးပြီး ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ မေတ္တာရပ်ခံ တောင်းဆိုချက် တစ်စောင်ကို ပေးပို့ခဲ့ကြပါသည်။ ဆရာတော်ကြီးများ၏ မေတ္တာရပ်ခံချက်တွင်-

"ဆရာတော်များ မေတ္တာရပ်ခံ လိုသည်မှာ ဦးပညာစာရသည် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော ပရဟိတ ဘုန်းကြီး ဖြစ်ခြင်း၊ မိမိတို့ ဗုဒ္ဒဘာသာကို အသက်သိက္ခာနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ အရာရာကို သည်းခံ ခွင့်လွှတ်တတ်ခြင်း၊ စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့် အလုပ်ကို လုပ်နိုင်ခြင်းတို့ကြောင့် မတော်မတရား အလွယ်တကူ စွပ်စွဲခြင်းဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား တိုင်းတစ်ပါး ဘာသာခြားတို့ အထင်အမြင် မသေးရလေအောင် ဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်ကြရေးအတွက် မေတ္တာရပ်ခံယင်း နိဂုံးပြုအပ်ပါသည်။" .. ဟု ပါရှိပြီး၊ အောက်ဖော်ပြပါ ဆရာတော်ကြီး ၁၅ ပါးက လက်မှတ်ရေးထိုး တောင်းဆို ထားကြပါသည်။

 မေတ္တာရပ်ခံတောင်းဆိုချက် အပြည့်အစုံ ဖတ်ရှုရန် (Arakan Review)

Human Rights Myanmar တွင် ဖော်ပြသော သတင်း

ရခိုင်ဆရာတော်ကြီးများ တိုင်းမှူးထံ တောင်းဆို (မဇ္ဈိမ)

အဆိုပါသတင်းအား ဘီဘီစီမှ ထုတ်လွှင့်ချက်ကို ဖတ်ရှုရန်....

15 Abbots Appeal to Western Command for Ven Pyinnyasara (Narinjara)

တရားမျှတမှုအတွက် ဆရာတော်များက တိုင်းမှူးထံ တောင်းဆို (နိရဉ္စရာ)

Arakanese Senior Monks' Request Statement (Arakan Land)

ဖမ်းဆီးခံထားရသော ဦးပညာစာရနှင့်ပတ်သက်ပြီး ဆရာတော်ကြီးများက မေတ္တာရပ်ခံစာပေးပို့ (မိုးမခ)

လုပ်ကြံ ဖမ်းဆီးခံရတဲ့ ဆရာတော်ဦးပညာစာရ ကိစ္စအတွက် ဆရာတော်ကြီး ၁၅ ပါးက တိုင်းမှူးထံ စာပို့ (ယနေ့ မြန်မာ)

လက်မှတ်ရေးထိုး တောင်းဆိုသော ဆရာတော်ကြီးများ စာရင်း
၁။ ဘဒ္ဒန္တ ပညာဝံသ (ရွှေဖောင်တင် ပရိယတ္တိ စာသင်တိုက်၊ ပန်းမြောင်း၊ မင်းပြားမြို့နယ်)
၂။ ဘဒ္ဒန္တ ဓမ္မဓရ (ဝေသာလီ ဓမ္မရတနာကျောင်း၊ မင်းဂံရပ်ကွက်၊ စစ်တွေမြို့)
၃။ ဘဒ္ဒန္တ မဏိဓဇ (နိဂြောဓာရုံကျောင်း၊ မင်းဂံရပ်ကွက်၊ စစ်တွေမြို့)
၎။ ဘဒ္ဒန္တ သုမင်္ဂလ (ဓမ္မပါလကျောင်း၊ အာကျိတ်တော်ကုန်း၊ စစ်တွေမြို့)
၅။ ဘဒ္ဒန္တ သုစိတ္တ (သုစိတ္တာရာမကျောင်း၊ အာကျိတ်တော်ကုန်း၊ စစ်တွေမြို့)
၆။ ဘဒ္ဒန္တ နန္ဒ၀ံသ (သုဓမ္မရက္ခိတကျောင်း၊ အာကျိတ်တော်ကုန်း၊ စစ်တွေမြို့)
၇။ ဘဒ္ဒန္တ မဟိန္ဒ (ဘင်္ဂလား အ၀ကျွန်း ကျောင်းတိုက်၊ ကုန်တန်း၊ စစ်တွေမြို့)
၈။ ဘဒ္ဒန္တ စိန္တိတ (ကယုချောင်းကျောင်းတိုက်၊ လမ်းမတော်၊ စစ်တွေမြို့)
၉။ ဘဒ္ဒန္တ ပညာသာမိ (ဦးဝါယမကျောင်းတိုက်၊ လမ်းမတော်၊ စစ်တွေမြို့)
၁၀။ ဘဒ္ဒန္တ ပညိန္ဒြိယ (ငပြောက်ဆည်ကျောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်)
၁၁။ ဘဒ္ဒန္တ ဓမ္မသာမိ (ဓမ္မ ၀ိဇေယျ ကျောင်းတိုက်၊ ကန်တော်ကြီး၊ စစ်တွေမြို့)
၁၂။ ဘဒ္ဒန္တ ၀ရသာမိ (သဒ္ဓမ္မဂုရု- ပုသိမ်ကျောင်းတိုက်၊ စစ်တွေမြို့)
၁၃။ ဘဒ္ဒန္တ ကောသလ္လ (သဒ္ဓမ္မဂုရု- ပုသိမ်ကျောင်းတိုက်၊ စစ်တွေမြို့)
၁၄။ ဘဒ္ဒန္တ ၀ရဇောတိ (မင်းဂံ ရွာဦးကျောင်းတိုက်၊ မင်းဂံ၊ စစ်တွေမြို့)
၁၅။ ဘဒ္ဒန္တ ထေရ၀ံသ (ဥဿလင်းကျောင်း၊ မင်းဂံ၊ စစ်တွေမြို့)
အသျှင်ပညာစာရ သတင်းများ ဖတ်ရှုရန် ...

Wednesday, September 8, 2010

အသျှင်ပညာစာရ လွတ်မြောက်ရေး ရခိုင်ပြည်နယ် NLD တောင်းဆိုချက် ထုတ်ပြန်

-ဆရာတော် ဦးဥတ္တမနေ့ (စက်တင်ဘာ ၉ ရက်) အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အသျှင်ပညာစာရနှင့် ပတ်သက်သော သဘောထား ကြေညာချက် ထုတ်ပြန်

အပြည့်အစုံ ဖတ်ရှုရန် (လမ်းပြကြယ်) ...
Human Rights Myanmar တွင် ဖတ်ရန် ...

-နအဖတို့၏ မဟုတ်မမှန် လိမ်ညာ လုပ်ကြံ စွပ်စွဲချက်များ ဘူးပေါ်သလို ပေါ်ကုန်ပြီးနောက် အသျှင်ပညာစာရ၏ တရားခွင်အား အများပြည်သူ အသိမခံရဲတော့ဘဲ တံခါးပိတ် စစ်ဆေး။
အပြည့်အစုံသို့ ....