Monday, October 4, 2010

ရမ္မာဝတီ အသျှင်ပညာစာရကို ထောင်ချတာ- တရားသလား။


ရခိုင် သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရကို
ဖမ်းဆီး ထောင်ချတာဟာ ဘာကြောင့်လဲ။
ဒီလို ထောင်ဒဏ်ချမှတ်တာဟာ...
တရားသလား၊
မတရားသလား၊
အောက်ပါ လျှောက်လဲချက်ကို
ဖတ်ရှုသူတိုင်း
ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက် နိုင်ပါသည်။

တရားရုံးလျှောက်လဲချက် အစအဆုံးကို နိရဉ္စရာတွင် ဖတ်ရှုရန် ...

အသျှင်ပညာစာရအား ထောင်သွင်းအကျဉ်းချခြင်းနှင့် ပတ်သက်၍ သာသနာ့ဦးသျှောင် အဖွဲ့ရဲ့ တုန့်ပြန်ချက်




အသျှင်ပညာစာရကို ထောင်ချတာဟာ လူမျိုးရေး အရ အနိုင်ကျင့်တာ ဖြစ်တယ် (အင်တာဗျူး)


ဆရာတော် အရှင်ပညာစာအား နောက်ဆုံး တရားစီရင်သည့်နေ့က တရားရုံးသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရဟန်းတော်နှင့် အင်တာဗျူး

မေး။ ။ ဆရာတော် အရှင် ပညာစာရ တရားစီရင်တဲ့နေ့က ဦးဇင်း မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးကို ပြောပြပါလား အရှင်ဘုရား။

ဖြေ။ ။ အဲဒီနေ့က ဦးဇင်းနဲ့ ဦးဇင်းတို့ကျောင်းက ရဟန်း သုံးပါး အခြေအနေ ဘယ်လိုရှိတယ် ဆိုတာကို သိချင်တဲ့ စစ်တွေ ခရိုင်တရားရုံးကို သွားခဲ့ကြပါတယ်။ ဘယ်သူ့ကိုမှ တရားရုံးထဲကို ၀င်ခွင့်မပြူဘူး။ ရဲသားတွေကို တရားရုံး အပြည့်ချထားတယ်။ ရဲဆိုင်ကယ်တွေရော၊ ကားတွေရော အပြည့်ဘဲ။ စရဖတွေရော၊ SB တွေရော အပြည့်ဘဲ။ တရားရုံးရှေ့ ပတ်ပတ်လည်မှာ လူတွေ အပြည့်ဘဲ။

မေး။ ။ အပြည့်ဆိုတော့ ပြည်သူလူထုက ဘယ်လောက်များလဲ အရှင်ဘုရား။

ဖြေ။ ။ ၁၀၀ ကျော်မယ်ထင်တယ်။

မေး။ ။ ရဟန်းတော်တွေက အရှင်ဘုရားတို့ ကျောင်းက လေးပါးတည်းလား ဘုရား။

ဖြေ။ ။ ရဟန်း အပါး ၂၀ လောက်ရှိမယ် ထင်တယ်။ ဝေသာလီ ဘုန်းတော်ကြီး စာသင်ကျောင်းက ဆရာတော်လည်း လာပါတယ်။ သူ့ကိုလည်း ရဲတွေက တရားရုံးထဲကို ၀င်ခွင့် မပြုဘူး။

မေး။ ။ နောက်ထပ်ဘယ်သူတွေ လာသေးလဲ အရှင်ဘုရား။

ဖြေ။ ။ ဆရာတော် ပညာစာရရဲ့ ဆွေမျိုးတွေနဲ့ ဆရာတော်ကို လေးစားကြည်ညိုကြတဲ့ တပည့် တကာ တကာမတွေ ဖြစ်ကြပါတယ်။ မြင်ရတာကတော့ တော်တော် ၀မ်းနည်း စရာကောင်းပါတယ်။ ဆရာတော်ရဲ့ ဆွေမျိုးတွေကိုလည်း တရားရုံးကို တက်ရောက်နားထောင်ခွင့် မပြုဘူး။ အပြင်ကဘဲ စောင့်နေကြရတယ်။ ဆရာတော်ကို ထောင် ၈ နှစ်နဲ့ ၃ လ ချလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာတာနဲ့ ဆရာတော်ရဲ့ ဆွေမျိုးတွေနဲ့ တပည့် တကာ တကာမ တွေ ငိုလိုက်ကြတာ ဦးဇင်းတောင် မျက်ရည် လည်မတတ် ဖြစ်သွားခဲ့ရတယ်။

မေး။ ။ တရားစီရင်ပီးတဲ့ နောက်မှာ ဆရာတော်ကို ဆွေမျိုးတွေက တွေ့ခွင့်ရပါသလား အရှင်ဘုရား။

ဖြေ။ ။ ဆရာတော်ရဲ့ ဆွေမျိုး တစ်ဦးဘဲ တွေ့ခွင့်ရတယ်လို့ သိရပါတယ်။ ကျန်တဲ့သူ ဘယ်သူမှ တွေ့ခွင့်မရဘူးလို့ သိရပါတယ်။

မေး။ ။ ရဲတွေက တရားရုံးထဲကို ဘာကြောင့် ၀င်ခွင့် မပြုတာလဲ အရှင်ဘုရား။

ဖြေ။ ။ ဦးဇင်းတို့လည်း မသိဘူး။ မ၀င်ရဘူးဆိုတော့ ဦးဇင်းတို့လည်း အပြင်ကဘဲ စောင့်ကြည့် နေကြတယ်။ ရဲတွေက တရားရုံးနား ကပ်လာတဲ့ သူတွေကို ဓါတ်ပုံတွေ လိုက်ရိုက်တော့ လူတွေက ရုံးနားကို သိပ်မကပ်ကြဘူး။ ပီးရင် ရဲတွေက လာတွေသူတွေကို ဘာကြောင့်လာတာလဲ။ ဆွေမျိုးတော်လား စသဖြင့် မေးမြန်းတာတွေ ရှိတယ်။ လူတွေ အနေနဲ့ ရဲက ဓါတ်ပုံတွေ လိုက်ရိုက်တော့ ကြောက်ကြတယ်လေ။ ရုံးနာကို လာတော့ လာကြတယ်။ ဓါတ်ပုံ လိုက်ရိုက်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကို စိုးရိမ်ပြီး လူတွေက လာကြတယ်။ ချက်ချင်း ပြန်သွား ကြတယ်။

မေး။ ။ ဆရာတော်ကို ဘယ်အမူတွေနဲ့ ထောင်ချတယ်လို့ သိရပါသလဲ အရှင်ဘုရား။

ဖြေ။ ။ ထောင်ချတာက ၈ နှစ်နဲ့ သုံးလ၊ အလုပ်ကြမ်း၊ ငွေ တစ်သောင်း ဒဏ်တပ် တယ်လို့ သိရ ပါတယ်။ နိုင်ငံခြားက လူတွေရဲ့ အကူအညီနဲ့ ကျောင်းကို ရပ်တည်ထားတော့ နိုင်ငံခြားသားတွေ လှူတဲ့ နိုင်ငံခြားငွေကို ကိုင်ဆောင်တဲ့ အတွက် ထောင် သုံးနှစ် အပါအ၀င် သာသနာညိုးနွမ်းစေမူ စတဲ့ အမူတွေနဲ့ ထောင်ချလိုက်တာ ဖြစ်ပါတယ်။

မေး။ ။ ဆရာတော်ကို ခုလို ထောင်ချလိုက်တဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ လူမျိုးရေးအရ အနိုင်ကျင့်တယ်လို့ မြင်တယ်။

မေး။ ။ ဘာကြောင့်ပါလဲ အရှင်ဘုရား။

ဖြေ။ ။ ဆရာတော်ဟာ ရခိုင်သမိုင်းသုတေသီ တစ်ဦးဖြစ်တဲ့ အတွက် ရခိုင်လူမျိုးတွေအတွက် အထူ တန်ဖိုးရှိတဲ့ ဆရာတော် တပါးဖြစ်တယ်။ ပီးရင် ဆရာတော်ဟာ ပရဟိ ဆရာတော် တစ်ပါး ဖြစ်ပြီး လူအများကို ကူညီတဲ့ ရဟန်း တစ်ပါး ဖြစ်တယ်။ ရခိုင်သမိုင်း ဗမာသမိုင်းကို ကောင်းမွန်စွာသိသူ တစ်ဦး ဖြစ်တယ်။ ပီးရင် ကာယကံရှင် အမျိုးသမီးတွေက သူတို့နဲ့ ကျူးလွန်တာ မရှိပါဘူးလို့ အတိအလင်း ထွက်ဆိုထားပေမယ့် ထောင် ၈ နှစ်နဲ့ ၃ လ ချတယ်ဆိုတော့ သက်သက် မတရား သဖြင့် အနိုင်ကျင့် တယ်လို့ မြင်တယ်။

( အင်တာဗျူးကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်လွှင့်မည့် လွတ်လပ်သော အာရှသံ (မြန်မာပိုင်း) ရခိုင်အစီအစဉ်တွင် နားထောင်နိုင်ပါသည်။)

နိရဉ္စရာတွင် ဖတ်ရှုရန် ...

အသျှင်ပညာစာရကို ဘယ်လို တရားစီရင်ခဲ့သလဲ (အင်တာဗျူး)


သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် နှစ်ပတ်လည် ကာလအတွင်းမှာပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ က သက်တော် ၅၇ နှစ်၊ ၀ါတော် ၃၇ ၀ါ ခန့်ရှိ ဆရာတော် အရှင်ပညာစာရကို စစ်အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ သည်။


ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှ ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့ တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဆရာတော် စောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၅၀ ကျော်ကို အာဏာပိုင်များက အစိုးရ လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခဲ့ပြီး ဆရာတော် စုဆောင်းထားသော ရခိုင် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်။

ဆရာတော်ကို စစ်တွေ ခရိုင်တရားရုံးတွင် ပုဒ်မ ၇ ခုနှင့် တရားစွဲဆို စစ်ဆေးခဲ့ကာ စက်တင်ဘာ ၂၉ ရက်နေ့တွင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ဆရာတော် အရှင်ပညာစာရ ၏ တရားခွင် လွတ်လပ် မျှတမှု နှင့် စပ်လျဉ်း၍ ဆရာတော်၏ ရှေ့နေ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ် မေးမြန်း ထားပါသည်။



မေး။ ။ ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က အရှင်ပညာစာရကို ထောင်ဒဏ် ၈ နှစ် ၃ လ နဲ့ ဒဏ်ငွေ ကျပ် ၁ သောင်း ချမှတ်လိုက်ပြီ ဆိုတော့ ဘာတွေဆက်လက် ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။

ဖြေ။ ။ ဒဏ်ငွေ တသောင်းကိုတော့ ပေးဆောင်လိုက်ပါပြီ။ နောက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ ၊ ၂၉၅ ၊ ၄၀၆ နဲ့ နိုင်ငံခြား ငွေကြေး လက်ဝယ် ကိုင်ဆောင်တယ် ဆိုတဲ့ ပုဒ်မ ၂၄(၁) အမှုတွေအတွက်ကို အယူခံတင်သွင်းသွားဖို့ ရှိပါတယ်။

မေး။ ။ ဆရာတော်ကို မာတေဇ လူမှုရေး အဖွဲ့အစည်းက လူတချို့က တိုင်တန်းခဲ့တယ်လို့ ကြားထားရပါတယ်။ တကယ်တမ်း တရားစွဲဆိုတဲ့အခါမှာ ဘယ်သူက တရားလိုအဖြစ်နဲ့ စွဲခဲ့တာပါလဲ။

ဖြေ။ ။ အမှုတမှုမှာ ဦးထွန်းသိန်း ဆိုတဲ့ နာမည်နဲ့ အမှုစွဲတင်ပြီးတော့၊ နောက်တမှုမှာတော့ ဦးထွန်းသိန်းရဲ့ တိုင်တန်းမှုကို မူတည် ပြီး အမှတ် ၁ ရဲစခန်းမှူး ဦးမြို့ဆွေက တရားလိုအနေနဲ့ ၂ မှုခွဲပြီး စွဲပါတယ်။
ဦးထွန်းသိမ်းရဲ့ ပထမတိုင်စာအရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ ၂၉၂၊ ၂၉၅၊ ၄၀၆၊ ၅၀၅ (ခ) နဲ့ ပြစ်မှုဆိုင်ရာ မူလအမှု အမှတ် ၆၁/ ၂၀၁၀ နဲ့ စွဲဆိုခဲ့ပြီး ရဲအုပ်ဦးမြို့ဆွေကတော့ ပြစ်မှုဆိုင်ရာ မူလအမှုအမှတ် ၆၂/ ၂၀၁၀မှာ နိုင်ငံခြားငွေ လဲလှယ်ခြင်းဆိုင်ရာ စည်းမျဉ်း သတ်မှတ်မှု ဥပဒေပုဒ်မ ၂၄ (၁)နဲ့ တမှုစွဲဆိုပါတယ်။ နောက် ပြစ်မှုဆိုင်ရာ မူလအမှုအမှတ် ၆၃/၂၀၁၀ မှာ စည်ပင် အက် ဥပဒေ ပုဒ်မ ၆၁ (ဂ) နဲ့လည်း ဦးမြို့ဆွေကပဲ တရားလို ပြုလုပ်ပါတယ်။

မေး။ ။ ဆရာတော်နဲ့ စွပ်စွဲခံရတဲ့ ဒေါ်မာလာက တရားရုံးမှာ သူနဲ့ ငြိစွန်းမှုမရှိပါဘူးလို့ ထွက်ဆိုခဲ့တယ်လို့ ကြားသိထားရပါတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။

မေး။ ။ တရားခွင်အတွင်းမှာ တရားလိုဘက်က သက်သေ ဘယ်နှဦး တင်သွင်းခဲ့တာပါလဲ။

ဖြေ။ ။ အမှုအမှတ် ၆၁/ ၂၀၁၀အတွက် တရားလိုပြသက်သေ ၂၅ ဦးတင်သွင်းပါတယ်။ နောက်ထပ် ၂ ဦးတင်သွင်းတဲ့အခါ ၁ ဦး ကိုပဲ စစ်မေးပြီး ၁ ဦးကို ပယ်ခဲ့ပါတယ်။ တရားလိုပြသက်သေ ၂၆ ဦး စစ်မေးခဲ့ရပါတယ်။

မေး။ ။ ဆရာတော်ဘက်က သက်သေ ၃၄ ဦးတင်ခဲ့တယ်။ ဒီသက်သေတွေကို ရဲက ဖိအားလိုက်ပေးတာတွေရှိခဲ့ပြီး နောက်ပိုင်းမှာ သက်သေတချို့ကို မတင်သွင်းတော့ဘူးလို့ သိရပါတယ်။ ဘယ်လိုကြောင့် မတင်သွင်းခဲ့တော့တာပါလဲ။

ဖြေ။ ။ ကျမက အမှုတွေအတွက် သက်သေ ၃၄ ဦး တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ၆၁/ ၂၀၁၀ အတွက် ဆရာတော်က စွဲချက်ကို မကျေနပ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ပြည်နယ်တရားရုံးက အကျဉ်းနည်းနဲ့ ပလပ် လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆရာတော်ကို စစ်တယ်ဆိုတော့ ဆရာတော်က ကိုယ်တိုင်ပဲအစစ်ခံပြီး ကျန်သက်သေတွေကို မပြတော့ဘူးဆိုပြီး ရပ်တည်ခဲ့တာပါ။ အဲဒီလို ပြည်နယ်က အကျဉ်းနည်းနဲ့ ပြင်ဆင်မှုကို ပလပ်လိုက်တဲ့အပေါ် တရားရုံးချုပ်ကို ပြင်ဆင်မှုဆက်တင်ပါတယ်။ ဒါပေမယ့် ဒီမှာတော့ ဒီပုဒ်မနဲ့ပဲ ဆရာတော်ကို စစ်ဆေးပြီး အမိန့်ချလိုက်တဲ့ အဆင့်ကို ရောက်သွားခဲ့ပါတယ်။

မေး။ ။ တရားခွင် မစတင်မီကစပြီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုမယ့် ဒေါ်မာလာတို့လို အရေးကြီး သက်သေတွေကို တရားလိုပြုလုပ်မယ့် ရဲစခန်းထဲမှာ ခေါ်ထားခဲ့တာဟာ တရားဥပဒေနဲ့ လျော်ညီပါရဲ့လား။

ဖြေ။ ။ ကျမ အဲဒီအကြောင်းအချင်းအရာတွေ ပေါ်လွင်အောင် စစ်မေးခဲ့ပါတယ်။ သူတို့ကလည်း ၀န်ခံခဲ့ကြပါတယ်။ ဥပဒေနဲ့ ညီ၊ မညီ သုံးသပ်ဖို့က တရားရုံးရဲ့ အပိုင်းပါ။ ကျမတို့ကတော့ သူတို့ရှိနေခဲ့တဲ့ အနေအထားတွေကို ရုံးရှေ့သက်သေခံချက်တွေမှာ ပေါ်လွင်အောင် စစ်မေးထားခဲ့ပါတယ်။

မေး။ ။ စောစောပိုင်းက ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၇ ခုနဲ့ စွဲဆိုတယ်လို့ ကြားပါတယ်။ နောက်ပိုင်းမှာ ပုဒ်မ ၂ ခု မပါတော့ဘူး ဆိုတာ ဘယ်လိုကြောင့်ပါလဲ။

ဖြေ။ ။ ၆၁/ ၂၀၁၀ အတွက် မူလစွဲဆိုတဲ့ ပုဒ်မက ၅ ခုပါ။ တရားလိုပြသက်သေ ၂၆ ဦးကို စစ်ပြီးတဲ့အခါ ဒီ ပုဒ်မတွေနဲ့ စွဲသင့်၊ မစွဲသင့် ကျမတို့က လျှောက်လဲချက် ပေးရပါတယ်။ အဲဒီလို ပေးတဲ့အချိန်မှာ ဥပဒေ အကြံပြုရုံးကလည်း ပုဒ်မ ၄၂၀ နဲ့ ၅၀၅ (ခ) ၂ ခုဟာ မစွဲသင့်ကြောင်း အကြံပြုတဲ့အတွက် တရားရုံးက ဒီပုဒ်မ ၂ ခုကို ဖြုတ်လိုက်တာပါ။ ကျန်ပုဒ်မတွေနဲ့ စွဲချက်တင်တာကိုလည်း ကျမတို့ မကျေနပ်တဲ့အတွက် ပြည်နယ်ရုံးကို ပြင်ဆင်မှုအမှတ် ၁၁၃/ ၂၀၁၀ နဲ့ တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့ ချက်ချင်း ပါပဲ ပလပ်ခံခဲ့ရတယ်။ ဒါနဲ့ ၂၉ ရက်နေ့မှာပဲ နိုင်ငံတော်တရားရုံးချုပ်ကို ပြင်ဆင်မှု ဆက်တက်ပါတယ်။ အဲဒီလို ပြင်ဆင်မှု တက် ရောက်ထားဆဲ ကာလမှာပဲ ခရိုင်တရားရုံးက ဆရာတော်ကို စစ်ဆေးပါတယ်။ ဒါကြောင့် မူလက တင်ပြထားတဲ့ သက်သေ ၃၄ ဦး ကို မတင်ပြတော့ဘဲ ဆရာတော် ကိုယ်တိုင်ပဲ အစစ်ခံပါတယ်။ အဲဒီနောက် နှစ်ဘက် လျှောက်လဲချက်တွေ ကြားနာပြီး ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

မေး။ ။ ဆရာတော်ရဲ့ ရှေ့နေတဦးအနေနဲ့ ဆရာတော် အထိန်းသိမ်းခံနေရစဉ် အတွင်းမှာ အမှုအတွက် ပြင်ဆင်နိုင်ဖို့ ဘယ်နှကြိမ် တွေ့ဆုံခွင့် ရခဲ့ပါသလဲ။

ဖြေ။ ။ ကျမနဲ့ တွဲဖက်လိုက်ပါတဲ့ ရှေ့နေမလေး ၂ ဦးနဲ့အတူ ဆရာတော် အထိန်းသိမ်းခံထားရတဲ့ ထောင်အတွင်းမှာ ၂ ကြိမ် တွေ့ခွင့်ရပါတယ်။

မေး။ ။ ဒီအမှုအတွက် ၂ ကြိမ်ပဲတွေ့ခွင့်ရတာဟာ လျှောက်လဲချက်တွေ ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန်ရခဲ့တယ်လို့ ပြောနိုင် ပါ့မလား။

ဖြေ။ ။ ဒီအမှု တခုလုံးရဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ပထမ တရားလိုပြသက်သေ ၂၆ ဦးကို စစ်ဆေးတဲ့ အဆင့်မှာ တော့ တရက်ခြား စစ်ဆေးပါတယ်။ ဆရာတော်ကို စွဲချက်တင်ပြီးတဲ့နောက်မှာတော့ နေ့စဉ်ရက်ဆက် စစ်ဆေးတဲ့ အနေအထားကို ကျမ ကြုံခဲ့ရပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တောက်လျှောက်ကြီးပဲ စစ်တာပါ။ ဒီလို စစ်နေတဲ့ ရုံးချိန်း ၆ ချိန်း လောက် ကျော်ပြီး နောက်ပိုင်းမှာမှ ကြားမှာ ၁၅ မိနစ် နားခွင့်ပေးခဲ့ပါတယ်။ အဲဒီလို အနေအထားမျိုးမှာ ကျမတို့ဘက်က အမှု အတွက် ပြင်ဆင်ချိန် လုံလောက်မှု ရှိတယ်၊ မရှိတယ်ဆိုတာကို ပြောစရာမလိုဘဲနဲ့ ဘယ်သူမဆို ချင့်ချိန်ပြီး သုံးသပ်နိုင်တယ်လို့ပဲ ကျမ ပြောချင်ပါတယ်။

ဧရာဝတီတွင် ဖတ်ရှုရန် ...

အင်္ဂလိပ် ဘာသာဖြင့် ဖတ်ရှုရန် ...

အသျှင်ပညာစာရ ကိစ္စ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ ကြေညာချက် ထုတ်ပြန်

စက်တင်ဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်၊ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဒ၀ိဟာရ ကျောင်းတိုက် ဆရာတော် ဦးပညာစာရကို ထောင်ဒဏ် ၈ နှစ် သုံးလ နှင့် စက်တင်ဘာ ၂၇ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့မှ ဆရာတော် အသျှင် ဥက္ကံသကို စစ်အစိုးရက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ခြင်း အပေါ် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့က ကြေညာချက် ထုတ်ပြန် ရှုတ်ချလိုက်သည်။

DVB တွင် ဖတ်ရှုရန် ...

ပဉ္စ၀တီ FM မှ အသျှင်ပညာစာရ မကောင်းကြောင်း လိမ်လည် ထုတ်လွှင့်

စစ်တွေမြို့မှ ထုတ်လွှင့်နေသော ပဉ္စ၀တီ FM မှ ဆရာတော် အရှင်ပညာစာရ မကောင်းကြောင်း သတင်းများကို လုပ်ကြံ ထုတ်လွှင့်နေကြောင်း သတင်း ရရှိသည်။


အမည်မဖေါ်လိုသူ လူငယ် တစ်ဦးက “ သူတို့က သီချင်းတွေ လွင့်တယ်။ ပီးရင် ဆရာတော် မကောင်းကြောင်း သတင်းတွေကို လွှင့်တယ်။ နောက် သတင်းတွေလာတယ်။ သီချင်းတွေက လူငယ်တွေ အကြိုက်ဆိုတော့ လူငယ် အများစုက နားထောင်ကြပါတယ်။ အဲသလို နားထောင်တဲ့ လူငယ်တွေကို ဆရာတော်ကို အရေးယူရတာဟာ မကောင်းမူ ကိုလုပ်တဲ့ အတွက် ဖြစ်တယ်ဆိုပီး သူတို့က ၀ါဒဖြန့်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် တခြား ရဟန်းငယ် တစ်ပါးကလည်း “ ပြည်ပ သတင်းဌာနတွေက ဆရာတော် ပညာစာရ သတင်းလာပီဆိုရင် နောက်တစ်နေ့မှာ ပဉ္စ၀င်္တီက ဆရာတော် မကောင်းကြောင်းကို လွင့်ထုတ် ပါပြီ။ ဦးဇင်းတစ်နေ့ နားထောင်တော့ သူတို့က ဘယ်လို လွင့်သလဲဆိုရင် ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အထူးတည်ငြိမ်အေးချမ်းတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ်။ ဒါကို မနာလို မရှု့စိမ့်တဲ့ သူတွေက ဗုံးခွဲဖို့ ကြံစည်ကြိုးစားတဲ့ အတွက် အချိန်မှီ ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်။ ခုလည်း ဆရာတော် ပညာစာရဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်လာတဲ့ အတွက် သာသနာ့ သန့်ရှင်းရေး အတွက် ဖမ်းဆီး အရေးယူရတာ ဖြစ်တယ်ဆိုပီး ထုတ်လွှင့်သွားတာကို ဦးဇင်း နားထောင်လိုက်ရပါတယ်” ဟု ပြောသည်။

နိရဉ္စရာတွင် ဖတ်ရှုရန် ...

Friday, October 1, 2010

ရခိုင်ဆရာတော်ကို ချက်ချင်းလွှတ်ဖို့ သံဃာ့တပ်ပေါင်းစု တောင်းဆို

ရခိုင်ပြည်နယ် စစ်တွေမြို့ ဗုဒ္ဓဝိဟာရကျောင်းတိုက်က သက်တော် ၅၇၊ ဝါတော် ၃၇ ဝါရှိတဲ့ ဆရာတော် ဦးပညာစာရကို စစ်အစိုးရ ပြီးခဲ့တဲ့ ဇူလိုင်အတွင်း ဖမ်းဆီး လူဝတ်လဲပြီး၊ စက်တင်ဘာ ၂၉ ရက် မနေ့က ထောင်ဒဏ် ၈ နှစ်နဲ့ ၃လအပြင် ဒဏ်ငွေ ၁ သောင်းပါ ချမှတ်လိုက်ပါတယ်။

သမိုင်းသုတေသီ ဆရာတော်ကို ထောင်ချလိုက်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာ သံဃာ့အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုရဲ့ ပြောခွင့်ရဆရာတော် ဦးဓမ္မသီရိက ရခိုင်သမိုင်းသုတေသီ ဆရာတော်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက် ပါတယ်။

ဆရာတော် ဦးပညာစာရနဲ့အတူ တကျောင်းတည်း သီတင်းသုံး နေထိုင်ခဲ့ဖူးတဲ့ ပြည်ပအခြေစိုက် အကြီးဆုံး မြန်မာသံဃာ့အဖွဲ့အစည်း ဖြစ်တဲ့ သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ရဲ့ အတွင်းရေးမှူး အမေရိကန် ကိုလံဘီယာတက္ကသိုလ်က ရခိုင်အမျိုးသား သမိုင်းပါမောက္ခ ဒေါက်တာ နာယကကို RFA မှ ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထား မေးမြန်းထားပါတယ်။


RFA တွင် ဖတ်ရှု နားဆင်ရန် ...